Wednesday, July 6, 2022

ဇနီးလေးယောက်ဥပမာပြ တရားတော်"



ဇနီးလေးယောက်ဥပမာပြ တရားတော်"
 (သီတဂူဆရာတော်ကြီး)

အမျိုးသားတစ်ဦးမှာ 
ဇနီးသည်လေးဦး ရှိပါတယ်..
ယင်းထဲမှာ သူက

လေးယောက်မြောက် 
အငယ်ဆုံးမယားကို 
အချစ်ဆုံးဖြစ်သတဲ့..
အမြဲတမ်း ဂရုစိုက်တယ်..
ပြုပြင်ခြယ်သပေးတယ်..

တတိယမြောက်မယားကို 
ချစ်တာကျတော့ တစ်မျိုးလေးပါ..
သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့
တွေ့တဲ့အခါကျတော့
အမြဲလိုလို ထုတ်ပြဂုဏ်ယူချင်ပြီး 

တတိယဇနီးးရှိထားခြင်းအတွက်လည်း
သူဂုဏ္ယူသတဲ့..

ဒုတိယမြောက်ဇနီးဖြစ်သူကိုတော့ သူချစ်တာက
နောက်တစ်နည်းနဲ့ဖြစ်ပါတယ်..
သူပြဿနာဖြစ်တိုင်း အခက်အခဲတွေကြုံတွေ့ရတိုင်း
အမြဲတမ်း တိုင်ပင်လို့ရတယ်..
အဖြေကောင်းတွေပေးတယ်..
ကူညီဖြေရှင်းဖို့အတွက် အမြဲအထောက်အကူဖြစ်စေပါတယ်..
ဒါကြောင့်မို့ သူ့ကိုလည်း မခွဲနိုင်ပါဘူး..

သူ့ရဲ့ပထမဇနီး
(မယားခေါင်ကြီး)ကိုကျတော့ 
သူ မချစ်ပါဘူး..
ပထမဇနီးကတော့ သူ့ကို 
ဂရုစိုက်ရှာပါတယ်..
ဒါပေမယ့် တစ်ခါတစ်ရံ 
ရှိတယ်လို့တောင် အမျိုးသားက သတ်မှတ်ထားသူမဟုတ်ပါဘူး..

တစ်နေ့တော့ ရောဂါတစ်ခုကြောင့်
သေဆုံးခါနီးအချိန်ကို အမျိုးသားရောက်ရှိလာပါပြီ..
သူသေဖို့ အင်မတန်ကြောက်ရွံ့လို့
သူ့ဇနီးလေးယောက်ထဲမှာ ဘယ်သူတွေ သူနဲ့လိုက်မလဲလို့ မေးပါတယ်..

အငယ်ဆုံး လေးယောက်မြောက်ဇနီးက
"မလိုက်နိုင်ပါဘူးရှင်"လို့ ဖြေပြီး
အခြားဘာမှမပြောပဲ ထွက်ခွာသွားပါတယ်..

တတိယဇနီးက
"ရှင်သေရင် ကျွန်မ
နောက်တစ်ယောက် ထပ်ယူရုံပဲ"လို့
ပေါ်တင်ပြောပြီး လှည့်ထွက်သွားပါတယ်..

ဒုတိယဇနီးက
"ရှင်မသေခင်နဲ့ အုတ်ဂူမသွင်းခင်
အထိတော့ ကျွန်မပြုစုစောင့်ရှောက်
ပေးနိုင်ပါတယ်"
"အတူသေပေးဖို့ကတော့ ကျွန်မလည်းမတတ်နိုင်လို့ ဝမ်းနည်းပါတယ်"လို့ဆိုပါတယ်..

ပထမဇနီးက
"ကျွန်မ ရှင်နဲ့လိုက်ပါမယ်"
"ဘယ်တော့မှ မခွဲပါဘူး" လို့ ပြောပါတယ်..

အဲ့တော့ 
သေလုမြောမြောအမျိုးသားက
သူ့ပထမဇနီးကို ဂရုမစိုက်ခဲ့ရလေခြင်းဆိုပြီးတော့ နောင်တရပါတော့တယ်..

အကြောင်းက သူ့ပထမဇနီးကို
သေချာမပြုစု မကျွေးမွေးခဲ့လို့ ပိန်ပြီးပင်ပန်းနေရှာပါတယ်..
ဒါတောင် လိုက်ဖို့သေချာဆုံးဖြတ်ထားသူ
 ဖြစ်နေလေရဲ့..

"စတုတ္ထဇနီး"ဆိုတာ
မိမိတို့နေ့စဉ်သယ်ဆောင်နေတဲ့ ကိုယ်ခန္ဓာဖြစ်ပါတယ်..
သေတဲ့တစ်နေ့ကျရင် ယူသွားလို့မရပဲ ထားခဲ့ရပါမယ်..
မြေကြီးမှုန့်သာ ဖြစ်သွားပါလိမ့်မယ်..

"တတိယဇနီး"ဆိုတာ
မိမိ အသက်ရှင်ချိန်မှာ လက်ဝယ်ပိုင်ဆိုင်ထားတဲ့
စည်းစိမ်ဥစ္စာများဖြစ်ပါတယ်..
မိမိသေသွားတဲ့အခါ
သူတစ်ပါးရဲ့လက်ထဲကို ရောက်ရှိသွားပါလိမ့်မယ်..
မိမိ မပိုင်တော့ပါဘူး..

"ဒုတိယဇနီး"ဆိုတာ
မိမိရဲ့မိသားစုပါ..
အသက်ရှိစဉ် အတူနေရစဉ်
မိမိအတွက် အကောင်းဆုံး
အကြံဉာဏ်များ ပေးအပ်ခြင်း
ကူညီပေးခြင်းတို့ 
ပြုလုပ်ပေးနိုင်ပေမယ့်
အတူတော့ လိုက်သေနိုင်သူများမဟုတ်ပါဘူး..
ကံရှိလို့သာ ဒီတစ်ဘဝမှာ တွေ့ဆုံကြုံတွေ့ရခြင်းဖြစ်ပါတယ်..

"ပထမဇနီး"ဆိုတာ
မိမိတို့ပြုလုပ်တဲ့ကံ ဖြစ်ပါတယ်..
ကံဆိုတာ မိမိတို့ပြုလုပ်တဲ့ မကောင်းမှုကောင်းမှုများဖြစ်ပြီး
သံသရာမှာ ကျင်လည်
နေရသေးသရွေ့ တစ်လှည့်စီ
အကျိုးပေးနေမှာ ဖြစ်ပါတယ်..

မကောင်းမှုများများပြုထားသူဟာ
မကောင်းတဲ့ဝဋ်ဒုက္ခများကို
ကြုံတွေ့ခံစားရမှာဖြစ်ပါတယ်..

ကောင်းတဲ့အမှုကိစ္စများပြုလုပ်ထားရင်
ကောင်းတဲ့ကံများ ရလဒ်များကို
ခံစားရမှာဖြစ်ပါတယ်..

အကယ်၍
ဝိပဿနာကုသိုလ်
ကောင်းမှုပြုလုပ်ခြင်းဖြစ်တဲ့
တရားထိုင်ခြင်း တရားအားထုတ်ခြင်းတို့ကတော့ 
မိမိကို သံသရာကနေ လွတ်မြောက်ပြီး နိဗ္ဗာန်သို့ရောက်ရှိစေနိုင်မှာဖြစ်ပါတယ်..

ဒါကို လူအများစုက မေ့လျော့ကြပြီး
မိမိရဲ့ဒီပထမဇနီး ပထမခင်ပွန်းကို ပစ်ပယ်ထားလေ့ရှိပါတယ်..
မပစ်ပယ်သည့်တိုင်
မကောင်းမှုများမှာသာ 
မွေ့လျော်နေကြတာ များပါတယ်..
မိမိက မခေါ်ရင်တောင်
ဘဝဆက်တိုင်းမှာ သူက လိုက်ပါလာမှာဖြစ်ပါတယ်..

ဒါကြောင့်မို့ 
ယနေ့ကစလို့ မိမိတို့အနေနဲ့
ကောင်းမှုကုသိုလ်နဲ့ 
ဝိပဿနာကုသိုလ်များကို
စတင်ပြုလုပ်နိုင်ကြစေဖို့ 
စေတနာဖြင့် အကြံပေး တိုက်တွန်းလိုက်ရပါတယ်..။

                                          သီတဂူဆရာတော်ကြီး


0 တစ်ခုခုရေးမယ်:

Post a Comment