Wednesday, July 6, 2022

" သမဂ္ဂါနံ တပေါ သုခေါ "



 " သမဂ္ဂါနံ တပေါ သုခေါ "


 " သမဂ္ဂါနံ တပေါ သုခေါ " ဟူသော ပါဠိစာပိုဒ်ကလေးကို လူတိုင်းနီးပါး သိသူများကြပါသည်။ သို့သော်လည်း ယနေ့ခေတ်အသိုင်းအဝိုင်းတွင်ကား ခေတ်စား သော ဝေါဟာရအဓိပ္ပာယ်တစ်ခုမဟုတ်တော့ဘဲ မှေးမှိန်သွားခေဲ့လေပြီဟု ဆိုရချေ တော့မည်ဖြစ်ပါသည်။ ယနေ့လူငယ်ပိုင်းအသိုင်းအဝိုင်းတွင် ဤပါဠိစာစုကို တွေ့ကြသည့်တိုင်အောင် မှန်ကန်စွာ နားလည်သဘောပေါက် နှလုံးသွင်းနိုင်ကြတော့မည်မထင်ပေ။ ယဉ်ကျေးမှုသင်တန်း၊ အဘိဓမ္မာသင်တန်း စသည့် ဘာသာရေးသင်တန်းများတက်ထားခဲ့ဖူးသူများကတော့ အကျွမ်းတဝင်ရှိနေ နိုင်ပါသည်။


 ဤ " သမဂ္ဂါနံ တပေါ သုခေါ " ဟူသည် ကျွန်ုပ်တို့အတွက် မည်မျှအရေး ကြီးသည်နည်းဟုဆိုလျှင် မြန်မာနိုင်ငံတော်တံဆိပ်တွင် ထွင်းထုရိုက်နှိပ်ထားခဲ့ရသည် အထိပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်တံဆိပ်တွင် " သမဂ္ဂါနံ တပေါ သုခေါ " ဟုရေးထိုးထားရှိပါသည်။ " သမဂ္ဂါနံ တပေါ သုခေါ " ဟူသည်မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် သုခ (၄) ပါးတွင် တစ်ပါးအပါအဝင်ဖြစ် ပေသည်။ ထိုသို့ရှိလျှင် သုခလေးပါးဟူသည်မှာ အဘယ်နည်းဟု သိရမည့်အကြောင်းအရာတစ်ခု ထပ်မံပေါ်ထွက်လာပေပြီ။


 " သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ ၊ 

 သုခါ သဒ္ဓမ္မ ဒေသနာ ။

 သုခါ သံဃဿ သာမဂ္ဂီ ၊ 

 သမဂ္ဂါနံ တပေါ သုခေါ ။ "


 ဗုဒ္ဓါနံ - သဗ္ဗညုဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရားတို့၏ 

 ဥပ္ပါဒေါ - ဖြစ်ထွန်းပွင့်ပါ်၍လာခြင်းသည် 

 သုခေါ - ရှေးဦးအစ ပထမသုခချမ်းသာပါပေတည်း။


 သဒ္ဓမ္မ ဒေသနာ - ဘုရားမြတ်စွာ စိန္တေယာတို့၏ သူတော်တရား        ဟောကြားတော်မူခြင်းသည် 

 သုခေါ - နှစ်ကြိမ်မြောက် သုခမင်္ဂလာပါပေတည်း။


 သံဃဿ - ရှင်အပေါင်း လူအပေါင်း ရှင်လူအပေါင်းတို့၏ 

 သာမဂ္ဂီ - ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြခြင်းသည်

 သုခေါ - တတိယ သုခမင်္ဂလာပါပေတည်း။


 သမဂ္ဂါနံ - ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြကုန်သော မြို့သူရွာသူ       တိုင်းနိုင်ငံသူ ထိုထိုကျောင်းတိုင်၌ နေထိုင်ကြကုန်သော

      ရှင်အပေါင်း လူအပေါင်း ရှင်လူအပေါင်းတို့၏ 

 တပေါ - ကိလေသာတို့ကို ပူပန်စေတတ်သော ဆယ်ရပ်သော ကုသိုလ်

    ကောင်းမှုအလုပ် အားထုတ်ခြင်းသည် 

 သုခေါ - လေးကြိမ်မြောက် စတုတ္ထသုခမင်္ဂလာပါပေတည်း။


 ဆိုလိုသည်မှာ " သမဂ္ဂါနံ တပေါ သုခေါ " ဟူသည် " ညီညွတ်မှ ချမ်းသာမည် " ဟု ဆိုခြင်းပင်ဖြစ်ပါသည်။ " စည်းလုံးခြင်းသည်အင်အား" " ညီညာမှ ပြည်သာမည် " " စုပေါင်းညီညာ အောင်ကြောင်းဖြာ " ဆောင်ပုဒ်ပေါင်းများစွာ ရှိသည်အားလျော်စွာ အားလုံးသည် " သမဂ္ဂါနံ တပေါ သုခေါ " ပင်ဖြစ်ပါသည်။


 နိုင်ငံတစ်နိုင်ငံ၊ ဌာနတစ်ခု၊ လူမျိုးတစ်မျိုး၊ မိသားစုတစ်စု စသည်အားလျော်စွာ ရပ်တည်ကြရာတွင် ညီညွတ်မှုအခြေခံအုတ်မြစ်ခိုင်မာမှုသည် ထိုနိုင်ငံ၊ ထိုဌာန၊ ထိုလူမျိုး၊ ထိုမိသားစု၏ တိုးတက်မှု ကြွယ်ဝမှု ဖွံ့ဖြိုးမှုအပေါ် များစွာ သက်ရောက်မှုရှိလေသည်။


 ကျွန်ုပ်တို့သည် ယနေ့ကမ္ဘာတွင် အင်အားအကြီးဆုံး SUPER POWER နိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံကို " သမဂ္ဂါနံ တပေါ သုခေါ " ဖြင့် နှိုင်းယှဉ်လေ့လာ ကြည့်ကြရအောင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့နိုင်ငံသည်လည်း ပြည်ထောင်စု နိုင်ငံတော်ကြီးဖြစ်ပေရာ အမေရိကန်သည်လည်း ပြည်ထောင်စုနိုင်ငံ UNITED STATE ဖြစ်နေသည်မဟုတ်ပါလား။


 UNITED STATE မည်သို့ဖြစ်ပေါ်လာသည်ကို လေ့လာကြည့်လျှင် အမေရိကဆိုသည်မှာ တကယ်မရှိဘဲ ကျူးကျော်ဝင်ရောက်သူများကိုချည်း ဦးစွာတွေ့ကြရမည်ဖြစ်ပါသည်။ ပထမဆုံး ထိုနေရာကိုရောက်ရှိသွားသူများမှာ အိန္ဒိယဘက်မှရွေ့ပြောင်းသွားလာသူများ ဟိမဝန္တာကိုကျော်၍ မွန်ဂိုးလီးယားရောက်ကြသည်။ မွန်ဂိုလီးယားမှ ဆက်လက်သွားလာကြပြန်ရာ ရုရှားပြည်အရှေ့ဖက်အစွန်းပိုင်းကိုရောက်သောအခါ အလယ်တွင်ရေခဲပြင်ကြီး တွေ့ရရာ ထိုရေခဲပြင်ကြီးကို ဖြတ်ကျော်သွားလာကြပြီးလျှင် ထိုရေခဲပြင်ကြီး ကျော်လွန်သောအခါ အလက်စကားကို ရောက်ရှိသွားကြပါတော့သည်။ အလက်စကားမှ ကနေဒါကို ဖြတ်သန်းဝင်ရောက်ပြီး အမေရိကကို ရောက်ရှိကြရာ အသားမဲသော အန္ဒိယတိုက်သားများမှာ အေးလွန်း၍ အသားအရောင်များ နီစပ်စပ် အရောင်သို့ပြောင်းကုန်ကြပြီးလျှင် ထိုသို့ပထမဦးဆုံးဝင်ရောက်အခြေချသူများသည် ရက်အင်ဒီးယန်း လူမျိုးများဖြစ်သွားကြပါလေတော့သည်။ 


ထိုအမေရိကန်ဌာနေတိုင်းရင်းသား ရက်အင်ဒီးယန်းများသည် ယခုထက်တိုင် ပန်ဂျပ်ပြည်နယ်သားများနှင့် ရုပ်ချင်းအင်မတန်ဆင်တုန်းပင် ရှိကြပါသေးသည်။ ထိုရက်အင်ဒီးယန်းများကို ကျူးကျော်ဝင်ရောက်သတ်ဖြတ်ကာ နေရာလုသူများမှာ စပိန်များ၊ ဒတ်ရ်ှများ၊ ပေါ်တူဂီများ၊ ပြင်သစ်များ၊ ဂျာမန်များ၊ အင်္ဂလိပ်များ စသည်ဖြင့် ကိုလိုနီနယ်ချဲ့ကြသူများလည်း ပေါ်ပေါက်လာကြပါတော့သည်။ ကလိန်ဉာဏ် အားကောင်းသူများသည် ကလိန်ဉာဏ်အားနည်းသူများကို ဖိစီးနိုင်ခြင်းသာဓကများလည်း ဖြစ်ပေသည်။ ထိုသို့ဖိစီးအနိုင်ယူကြပြီးလျှင် နယ်ပေါင်း (၁၃) ခုကို ခွဲခြားအုပ်ချုပ်ကြပေရာ ထို (၁၃) နယ်သည် ပြည်နယ်များအဖြစ် (၁၃) ပြည်နယ်ဖြစ်ပေါ်လာပါတော့သည်။ ထိုအချိန်တွင်ကား အုပ်ချုပ်သူများမှာ အင်္ဂလိပ်များ ဖြစ်ကြပါတော့သည်။ ထိုသို့ အင်္ဂလိပ်များအုပ်ချုပ်နေချိန်တွင် နပိုလီယန်၏ ခြိမ်းခြောက်မှုကိုလည်း စိုးရိမ်လာရပါတော့သည်။ ထို့အပြင် ထိုပြည်နယ် (၁၃) ခုကလည်း ထကြွပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့တော့သည်။ တစ်ဖက်ကလည်း ပြင်သစ်က ဝင်ရောက်တိုက်ခိုက်မှုကို ခံရလေရာ အင်္ဂလိပ်များအနေဖြင့် အမေရိကတွင် ပြင်သစ်နှင့်ရင်ဆိုင်ရပြီး ဥရောပတွင် နပိုလီယန်နှင့်ရင်ဆိုင်ရကာ ပြည်နယ်များကလည်း ထကြွပုန်ကန်သည့် အနေအထားကို ရင်ဆိုင်ရပါတော့သည်။ 


ထိုအနေအထားတွင် အင်္ဂလိပ်တို့သည် ၎င်းတို့အုပ်ချုပ်နေသော ပြည်နယ် (၁၃) ခုကို လွတ်လပ်ရေးပေး လိုက်ရပြီး ထို (၁၃) ပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့ခြင်းသည် အမေရိကန် နိုင်ငံ၏ independence စတင်ခြင်းပင်ဖြစ်ပါတော့သည်။ ပထမဆုံးလွတ်လပ်ရေးရသော ပြည်နယ်ပေါင်းသည် (၁၃) ပြည်နယ်ရှိရာ အမေရိကန်အလံတွင် သရုပ်ဖော်ထားသော အနီကြောင်း (၁၃) ကြောင်းသည် ထိုသည်ကို ကိုယ်စားပြုထားခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ပင် ပြည်နယ်တစ်ခုတိုးလာတိုင်း ကြယ်တစ်လုံးစီ ထပ်မံတိုးလာသည်ဖြစ်ရာ ယခုအခါ အမေရိကန်အလံတွင် ကြယ်ပေါင်း (၅၀) ရှိလာရာ ပြည်နယ် (၅၀) ရှိသည်ကို အလံတော်က သရုပ်ဖော် ကိုယ်စားပြုထားခြင်းဖြစ်ပါသည်။ အင်္ဂလိပ်များလက်အောက်တွင် အမေရိကသို့ ရောက်ရှိနေသော လူမျိုးပေါင်းစုံတို့ ပြည်နယ်များဖွဲ့ကြပြီး အင်္ဂလိပ်ကို ပြန်လည်တိုက်ယူကာ (၁၃) ပြည်နယ်ဖြင့် တိုင်းပြည်တစ်ခု ထူထောင်ကာ ထိုတိုင်းပြည်သည် UNITED STATE ပင်ဖြစ်ပါတော့သည်။ ထို UNITED STATE ၏ ညီညွတ်မှုစွမ်းပကားကို ယနေ့မျက်မှောက်ကမ္ဘာတွင် မည်မျှပြောင်မြောက်သည်ကို တွေ့မြင်နိုင်ကြပါပေသည်။


 " သမဂ္ဂါနံ တပေါ သုခေါ " ဖြင့် အခြားတစ်ခုမှာ UNITED KINGDOM ပင်ဖြစ်ပါသည်။ သူကသာ၍ပင် ကြီးကျယ်ပါသေးသည်။ KINGDOM (၄) ခုကို ပေါင်းစပ်ဖွဲ့စည်းလိုက်ကြခြင်းပင်ဖြစ်ပါသည်။ ဘုရင့်နိုင်ငံ (၄) ခုကို ညီညွတ်အောင်လုပ်၍ UNITED KINDOM တစ်ခုဖြစ်ပေါ်လာစေခြင်းမှာ လွန်စွာအံ့သြရသော ကိစ္စပင်ဖြစ်ပါတော့သည်။ ဝေလ၊ စကော့တလန်၊ အင်္ဂလန်၊ အိုင်ယာလန် (၄) နိုင်ငံပေါင်း၍ UNITED KINGDOM ဖြစ်ပေါ်လာစေသည်မှာ " သမဂ္ဂါနံ တပေါ သုခေါ " ပင်တည်း။ နပိုလီယန်က ခြိမ်းခြောက်၊ စကန်ဒေနေဗီးယန်းက ကျူးကျော် စသည်ဖြင့် ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန် (၄) ဘုရင်ကို တစ်ဘုရင်တည်းပြု၍ စည်းလုံးလိုက်ကြသည်မှာ UNITED KINGDOM ကြီး ဖြစ်ပေါ်လာပါတော့သည်။ ထို UNITED KINGDOM ကြီး ယနေ့မျက်မှောက်တွင် မည်မျှပြောင်မြောက်သည်ကို လက်တွေ့သိမြင်နိုင်ပါသည်။


 ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းနှင့် နေထိုင်ကြရသည်ဖြစ်ရာ လူ့အဖွဲ့အစည်း၏ လိုအပ်ချက်အရ နိုင်ငံတစ်တိုင်ငံတွင် နေထိုင်ကြရပါသည်။ အချို့ကား ဤကမ္ဘာမြေလုံးကြီးတွင် နေရာမရဘဲ နိုင်ငံပျောက်နေသူများလည်း ရှိကြပါသေးသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ပြည်နယ် (၇) ခု၊ တိုင်းဒေသကြီး (၇) ခု၊ လူမျိုးပေါင်း (၁၃၅) မျိုးတို့ဖြင့် ဘာသာစကားပေါင်းများစွာ၊ ယဉ်ကျေးမှုပေါင်းများစွာဖြင့် ထိန်သိမ်းတန်ဖိုးထားနေလာကြရင်း ဤနိုင်ငံကြီးကို အဓွန့်ရှည်အောင်ထိန်သိမ်းလာ နိုင်ခြင်းသည် " သမဂ္ဂါနံ တပေါ သုခေါ " ပင်ဖြစ်ပါသည်။ ဤသည်ကို လက်ကိုင်ပြု၍ ထပ်မံကြိုးစားကြမှသာ ဖွံ့ဖြိုးသောနိုင်ငံတော်တစ်ခုကို မျှော်မှန်းနိုင်ပါလိမ့်မည်။


 နိုင်ငံတစ်နိုင်ငံအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အပိုင်းတွင် နေရာဌာနများစွာ ဖွဲ့စည်းစီမံအုပ်ချုပ်ရသည်ဖြစ်ရာ ထိုထိုသော နေရာ ဌာနများသည် အားလုံးညီညွတ်၍ အမှီသဟဲပြုနိုင်ကြရန်မှာလည်း လွန်စွာပင် အရေးကြီးလှပါသည်။


 မိမိတို့တာဝန်ထမ်းဆောင်ရာ နေရာဌာနအတွင်းတွင်လည်း ရာထူးနေရာ အဆင့်ဆင့်ဖြင့် တာဝန်ထမ်းကြရသည်ဖြစ်ပြန်ရာ ထိုအဆင့်ဆင့်သော နေရာများတွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအားလုံးသည်လည်း အချင်းမှီသဟဲပြုနိုင်ကြ၍ မိမိတာဝန်ကို မိမိကျေပွန်ကာ အဆင့်ဆင့်သော အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုများသည်လည်း ညီညွတ်မျှတကာ တစ်ဦးအပေါ်တစ်ဦး ကြီးသည်ငယ်သည် မရှိမူဘဲ ကိုယ်ချင်းစာတရားဖြင့် အမှီသဟဲပြုနိုင်ကြမှသာ ထိုနေရာ ထိုဌာန ကြီးပွားတိုးတက်၍ ပျော်ရွှင်ရာနယ်မြေဖြစ်ပေါ်လာမည်ဖြစ်ပါသည်။


 အချုပ်အားဖြင့်တင်ပြရသော် မည်သူမဆို စီမံခန့်ခွဲမှုတစ်ခု ပြုရတော့မည်ဆိုလျှင် မိမိတို့၏ ခံစားချက်များကို ရှေ့တန်းမတင်မူဘဲ ဖြစ်တည်မှုကို အလေးထားစဉ်းစားကာ အချင်းချင်းအမှီသဟဲပြုနိုင်၍ ညီညွတ်သော လောကကြီးကို တည်ဆောက်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း…….။


ကျော်လှိုင်

၄ - ၇ - ၂၀၁၉   ၁၃း၀၇

သံတွဲ


0 တစ်ခုခုရေးမယ်:

Post a Comment