အချစ်လား...
ဝင်ခဲ့လေကွယ် မြို့အဝင်က စောင့်နေမယ်
စာရေးသူ-
ဆရာမ မိချမ်းဝေ
ကျွန်မ “အချစ်မြို့အဝင်”မှာ ခေတ္တရပ်နေသည်။
အချစ်မြို့ထဲမှာ ဘာတွေရှိမလဲ။ အချစ်တွေရှိမည်ဟု
ယေဘုယျတွက်လို့ရသည်။ ဘယ်လိုအချစ်မျိုးလဲ။ ကျွန်မ
တို့လိုချင်သောအချစ် ဟုတ်ရဲ့လား။ ကျွန်မတို့တောင့်တသော အချစ်ဟုတ်ရဲ့ လား။ ကျွန်မတို့ မျှော်လင့်သော
အချစ်ဟုတ်ရဲ့လား။
ရေးသူက ဆရာမယုဒါဆိုတော့
ဆရာမယုဒါ ဖော်ညွှန်းသောအချစ်ကို သိချင်လာသည်။
အချစ်ကို ခဏထား၊ ဆရာမယုဒါအကြောင်း စဉ်းစား
မိသည်။ ဆရာမယုဒါဟု တွေးလိုက်လျှင် မြားနတ်မောင်
မဂ္ဂဇင်းတစ်ခေတ်ကို မြင်ယောင်လာသည်။ သူမ၏
ပွဲဦးထွက်ဝတ္ထုသည်ပင်လျှင် ၁၉၉၇ ခုနှစ် မတ်လထုတ်
မြားနတ်မောင် မဂ္ဂဇင်းပါ ‘မခွဲတူယှဉ်ရှိစေချင်ခဲ့’ ဖြစ်
သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၈
ခုနှစ်အထိ ကြယ်ငါးပွင့်
သင်္ဘောလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ကြာတစ်ပွင့်ရဲ့ ဒဏ္ဍာရီနှင့် ခံစားခဲ့သော ဝတ္ထုများ(၂၀၀၂)၊
ဒုတိယမြောက် ပေးဆပ်ခြင်း (၂၀၀၅)၊ 'သူ၏ချစ်သူ- (၂၀၁၅) သောကြာညတွေကိုကျွန်မတို့ချစ်တယ်(၂၀၂၀)၊
ရသဖန်တီးမှုအနုပညာ (၂၀၁၇)၊ ရွှေကြာလေးရယ်
ငယ်လွန်းတယ်(၂၀၁၉)၊ မင်းသိလား(၂၀၂၀)စသောဝတ္ထု
နှင့် ရသဆောင်းပါးစာအုပ်များထုတ်ဝေပြီးသူဖြစ်သည်။
ဆရာမယုဒါကား မဂ္ဂဇင်းဝတ္ထုတို၊ မဂ္ဂဇင်းဝတ္ထုရှည်
များစွာ ရေးဖူးပြီဖြစ်သော်လည်း လုံးချင်းဝတ္ထုရှည်ရေးရန် လက်တွန့်သူဖြစ်သည်။ သူ့ကိုယ်သူ မယုံမရဲဖြစ်မှုကိုဝန်ခံထားသည်။ ဝတ္ထုရှည်လုံးချင်းလောကတွင် ဝါရင့်သမ္ဘာရင့် ဆရာမနှင်းဝေငြိမ်းက အဓိက တိုက်တွန်းသူဖြစ်ပြီး
အမှာစာမှာ ရှေ့က ဆရာကြီးဒဂုန်တာရာ၊ ဆရာမကြီး
ခင်နှင်းယု၊ ဆရာငြိမ်းကျော်၊ ဆရာမဂျူး၊ ဆရာမခင်မြဇင်
တို့၏ အချစ်ဝတ္ထုအပေါ် လုံ့လစိုက်ထုတ်မှုများကို
သာဓကပြကာ တွန်းအားပေးသူ ဖြစ်သည်။
"အချစ်မြို့အဝင်မှာ ဖတ်မိသူရင်ထဲတော့ သာသာယာယာ စီးဆင်းသော စမ်းချောင်းလေးလို အေးအေးငြိမ့်ငြိမ့်သက်သက် သာသာရှိလှ၏။ ခေတ်ကိုမလို အချစ်သာလိုသည့်ချစ်တတ်သူတွေအတွက်လည်း အမှတ်တရရှိပါစေ "ဟု ဆုတောင်းပေးထားသည်။
ဤဝတ္ထုကိုပုံနှိပ်မဖော်ပြမီ အွန်လိုင်းမှာ အရင်တင်သဖြင့် အွန်လိုင်းပရိသတ်လည်း ရှိပြီးသားဟု သိရလေရာ အွန်လိုင်းမိတ်ဆွေစာရေးဆရာမလေး'ပျိုး'က ဝတ္ထုထဲမှ
ဇာတ်ဆောင် ပျိုးခင်ဇော် ပါဝင်သော ဆရာမယုဒါ၏
"အချစ်မြို့အဝင်"ကို သုံးသပ်ထားသည်မှာလည်း သဘော
ကျချင်စရာကောင်းလှ၏။
“ဖေ့စ်ဘွတ်ခ်မှာ မင်းဘထင်ရဲ့ ပရိသတ်တွေနဲ့ ရွှေရံနိုင်ရဲ့ ပရိသတ်တွေ အပြန်အလှန် ကွန်းမန့်တွေ ပေးပြီး ပြောခဲ့ကြ၊ ပြိုင်ဆိုင်ခဲ့ကြတာလည်းတကယ် အမှတ်တရပါပဲ။
ကိုယ့်ရွှေမင်းသားကို တစ်ဖက်က ချိုးချိုးနှိမ်နှိမ် ပြောလာတဲ့ အခါတွေဆိုရင် မနိုင်၊ နိုင်ရာ ဆွဲပြောကြရတာ စိတ်လည်း တိုရ၊ ပျော်လည်း ပျော်ကြရတယ်။ ဒီတုန်းကဆရာမ စာအုပ်မထွက်သေးပါဘူး။
စာတစ်ပုဒ်၊ ဝတ္ထုတစ်အုပ်ကိုဖတ်ကြလို့ နှစ်တွေကြာသွားသည့်တိုင် သတိတရရှိခဲ့တယ်ဆိုရင် အနည်းဆုံးတော့ ဒီစာဟာ စာဖတ်သူရင်ကို ငြိစေခဲ့တဲ့ စာတစ်ပုဒ်၊ပါပဲ” ။
ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တက်ကတည်းက ဆရာမယုဒါ၏ အချစ်မြို့ အဝင်သည် မှတ်ချက်ကောင်းများ ရခဲ့ပြီး ပရိသတ်ပေါ် ဆွဲဆောင်နိုင်သော အချက်များရှိခဲ့သည် မှာ ငြင်းပယ်၍မရပါ။
ဝတ္ထုက ၁၉၉၁-၁၉၉၅ တက္ကသိုလ်တက်စဉ်ခေတ်
ကာလကို နောက်ခံပြုထားသည်။ ရွှေရံနိုင်၊ ပျိုးခင်ဇော်၊ မင်းဘထင်တို့၏ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း၊ အချစ်သက်သက်မဟုတ်၊ ဒေသဝန်းကျင် အခင်းအကျင်း၊
ခေတ်ကာလအနေအထား၊
အသက်မွေးဝမ်းကျောင်းမှု။
ကျွန်မ ဝတ္ထုဖတ်သည့်အခါ
ခံစားမှုဖြင့်ဖတ်သည်။
ဇာတ်ဆောင်တွေ ပြေးလျှင် ပြေးသည်။ ဇာတ်ဆောင်တွေ
ဆွေးလျှင် ဆွေးသည်။ သူ
တို့ ဆွဲသလောက် ဒရွတ်
တိုက် လိုက်ပါတတ်သည်။
ပျိုးခင်ဇော်ရွာသို့သူငယ်ချင်း
တွေ .. လိုက်ပါသွားသည့်
အတွေ့အကြုံသည် ကျွန်မ
စိတ်ကြိုက်ဒေသဝန်းကျင် အဖွဲ့ဖြစ်သည်။ ဝတ္ထုရှည်မှာ
ဒေသဝန်းကျင်အဖွဲ့အနွဲ့သည် အရေးကြီးသည်။ ကျွန်မသူတို့နှင့်အတူ ပင်းချောင်းတံတား ခနော်နီခနော်နဲ့ မှာ ရင်တုန်စိတ်လှုပ်ရှားသည်။ ကြက်သွန်ခင်းထဲမှာ လွတ်လပ်ပွင့်မျောစွာ မြူးရွှင်သည်။ မင်းဘထင် ပြောပြသော ချောက်၊ ရေနံချောင်းဘက်မှ ရေနံတွင်းတွေမှာအာရုံဝပ်စင်းသည်။
“အင်္ဂလိပ်ခေတ်က ရေနံထုတ်တဲ့ ကုမ္ပဏီထဲမှာဘီအိုစီရေနံကုမ္ပဏီဆိုတာကဩဇာအာဏာအကြီးဆုံး၊သူတို့စိတ်ကြိုက်ခြယ်လှယ်ချင်သလို ခြယ်လှယ်အုပ်ချုပ်ပြီး ပြိုင်ဘက်မရှိ နှစ်ပေါင်းများစွာ ရေနံတူးဖော်ရေး
လုပ်ငန်းကိုလက်ဝါးကြီးအုပ်ခဲ့ကြတာ၊ လွတ်လပ်ရေး မရ
သေးတဲ့အချိန် ဂျပန်မဝင်ခင် အင်္ဂလိပ်တပ်တွေ ဆုတ်
သွားတဲ့အခါကျတော့ သူတို့နည်းပညာတွေနဲ့ တူးဖော်
တည်ဆောက်ခဲ့သမျှ ရေနံတွင်းတွေ၊ ရေနံချက်စက်ရုံတွေ၊
စက်ယန္တရားတွေ၊ ဆက်စပ်လျှပ်စစ်ပစ္စည်းတွေ၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲ့ အဆောက်အအုံအားလုံးကို ဖျက်ဆီးပစ်ခဲ့ကြတယ်။ ဘုရင့်အနွယ်တော်တွေက တစ်ဆင့်
ချင်း ဆင့်ပွားလာတဲ့ တွင်းရိုးတွင်းစား မြန်မာတစ်ဦးချင်း
ပိုင် တွင်းတွေအပါအဝင် ရှိသမျှတွင်းတွေကို မြေလှန်
ဖျက်ဆီးပစ်ကြတာပေါ့”
ခေတ်ကာလကွာလှမ်းသော်လည်း ကိုယ်တိုင်
လေ့လာအားနှင့်ရော သက်ကြီးစကား သက်ငယ်ကြား
မင်းဘထင်စကားတွေက အတိတ်ကန့်လန့်ကာကို ဖျတ်
ခနဲဆွဲဖွင့်လိုက်သည်။ လူသိနည်းလှသော အမျိုးသမီး
တွေ ရေနံတူးဖော်ခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့သည်ကလည်း
ထိုခေတ် အမျိုးသမီးတို့၏ ခက်ခဲကြမ်းတမ်းသော ဖြတ်
သန်းမှုကို ပြဆိုနေသည်။
မင်းဘထင်က ရေနံတွင်းတွေအကြောင်း ပြောသလို .. ပျိုးခင်ဇော်ကလည်း လူကြီးတွေအဆင့်ဆင့်လက်ဆင့်ကမ်းလာသော သမိုင်းကြောင်းကိုမျှဝေသည်။
အလောင်းစည်သူမင်းကြီးနှင့် ပတ်သက်သော ရေနံတွင်း
သမိုင်းအစကို ဆွဲထုတ်ပြသွားသည်မှာ သိသလိုလိုနှင့်
မသိသေးသောအကြောင်းဘအရာများပါပေ။
ဝတ္ထုရေးရာတွင် အနုပညာနှင့် သုတေသနပေါင်းစပ်ပါက လေးနက်ပီပြင်သည်ဟု ကျွန်မထင်မြင်သည်။ကိုယ်တိုင်လည်း ကျင့်သုံးသည်။ ဆရာမယုဒါ၏ အားတုတ်မှုသည် နှယ်နှယ်ရရမဟုတ်၊ စာဖတ်သူတို့ကို သုတ
၌ မွေ့ပျော်စေပြီးမှ ရသသို့ ခေါ်ဆောင်သည်။
အနုပညာ - သုတေသန - ပြီးတော့မှအချစ်။ရွှေရံနိုင်၏ အချစ်သည် တစ်ဖက်သတ်ဆန်သည်။ပိုင်စိုးပိုင်နင်းနိုင် သည်။ တစ်ခါတစ်ရံပန်းကလေးလိုဆတ်သစ်လွင်သော ပျိုးခင်းဇော်ကို အနိုင်ကျင့်နေသည်ဟုပင်ထင်လာသည်။
ဆရာကြီးဦးအောင်သင်းက “ဝတ္ထုဖတ်သောအခါ
လိပ်ပြာကူးလျက် လိုက်ပါသွားမိသော ဇာတ်ဆောင်သည် အခြားသူမဟုတ် အဓိကဇာတ်ဆောင်ဖြစ်နေသည်။
ဒီအတွက် ခံစားသိကိုရရှိမည်။ သို့ဖြစ်၍ အဓိက ဇာတ်
ဆောင်နေရာတွင် ဝင်စားစီးမျောမှသာ ဝတ္ထုကောင်းဟု
ခေါ်ရမည်လား မေးစရာရှိသည်။ တစ်ခါတစ်ရံ အဓိက
ဇာတ်ဆောင်၏ဘဝသို့ လိပ်ပြာကူးမမျောဘဲ အဓိက
ဇာတ်ဆောင်၏ ဘေးနားမှကပ်၍ မျက်ခြည်မပြတ်ရိပ်ပမာလိုက်ပါနေမိသော ဝတ္ထုကောင်းများလည်း ရှိသေး၏” ဟု ဝတ္ထုနှင့်စာဖတ်သူစီးမျောမှုကို ခွဲခြမ်းစိတ်ဖြာဖူးသည်။
ကျွန်မသည်ပျိုးခင်ဇော်ကိုမျက်ခြည်မပြတ် အရိပ်တကြည့်ကြည့် လိုက်ကြည့်နေမိသည်။ ရွှေရံနိုင်၏ ဓနအင်အားမှာ လဲကျသွားမလား၊ ရွှေရံနိုင်၏ တစ်ဇွတ်ထိုးမှုမှာ ပြိုလဲသွားမလား၊ ရွှေရံနိုင်၏တစ်ဖက်သတ်ဆန်မှုမှာ အရှုံးပေးသွားမလား၊ ဝတ္ထုဖတ်နေရင်းနှင့် စိုးရိမ်စိတ်
တွေ တထိတ်ထိတ်ပိုရသည်။
သူမက နူးညံ့သိမ်မွေ့သော်လည်း ဆုံးဖြတ်ချက်
ခိုင်မာသည်။ သွက်လက်ရဲရင့်သည်။ သည်တိုက်ပွဲမှာ
တိုက်စစ်ထက် ခံစစ်အဖြစ် တင်းခံသွားနိုင်မှုအတွက်
အဆုံးသတ်မှာ ဝမ်းမြောက်ကြည်ရွှင်ဖြစ်ရ၏။ သူမလက်
ကို အားရပါးရကိုင်ဆွဲကာ “ဂုဏ်ယူပါတယ် ပျိုးရယ်” ဟု
လက်ဆွဲနှုတ်ဆက်ချင်လှ၏။
ဝတ္ထုဖတ်နေရင်းမှာပင် ကိုယ့်ကိုယ်ကိုယ် တစ်ဖက်
သတ် အထင်ကြီး၍ ဂုဏ်ဓနဥစ္စာပေါကြွယ်မှု၊ လုပ်ငန်း
ကိုင်ငန်းအောင်မြင်မှုအပေါ် မြောက်ကြွကြွ ဘဝင်လေ
ဟပ်နေသူ ရွှေရံနိုင်လို ယောက်ျားမျိုးကို(ကိုရီးယားကားတွေထဲကလို)ရေအေးအေးနှင့် ပက်ချင်စိတ်၊ ကြက်ဥစိမ်းနှင့်ပေါက်ချင်စိတ်တွေ မကြာခဏဖြစ်ပေါ်လာရသည်။
ဂုဏ်ဓနဥစ္စာ မကြွယ်ဝသော်လည်း ရိုးစင်းဖြူစင်
ခြင်း ရိုးတံညှာပေါ်က မင်းဘထင်ကိုမူ အစကတည်းက
အမှတ်ပိုပေးကာ ချစ်ခင်ရင်းစွဲရှိပြီးသားမို့ သူဆွေးလျ
အားငယ်သွားမှာ စိုးရိမ်စိတ်နှင့်အတူ ဆင်းရဲသား မာနတွေ လှစ်ပြပြီး မယောင်ရာဆီလူး တဇောက်ကန်း အတွေး
နှင့် အဝေးသို့ ထွက်ပြေးသွားမှာလည်း စိုးရိမ်ပြန် သည်။
“ဇာတ်လမ်းဆိုသည်မှာ မိမိဖြစ်စေလိုသော အကျိုးသက်ရောက်မှုရှိစေရန် သို့မဟုတ် ရည်ရွယ်ချက်သို့
ရောက်စေရန် စာရေးဆရာက ဇာတ်ကွက်များကို စနစ်
တကျ စီစဉ်မှုဖြစ်စဉ်ဖြစ်သည်။
အချိတ်အဆက်မိသော
ဖြစ်ရပ်များကို ရွေးချယ်၍ ထွက်ပေါ်လာသော အကျိုး
ဆက်များကိုလည်း စနစ်တကျ ရွေးချယ်စီစဉ်သည်။
တစ်နည်းအားဖြင့်ဆိုသော် အားပြိုင်မှုဖြစ်ပေါ်စေရန်နှင့်
အားပြိုင်မှုအရှိန်ကျဆင်းစေရန် စာရေးသူ၏ ဖြစ်ရပ်များ
ကို ရွေးချယ်စီစဉ်မှုသည် ဇာတ်လမ်းဖြစ်သည်”
စာရေးဆရာမ မမိုးမြေ၏ ဝတ္ထုရှည်ဖန်တီးသူနှင့်
ဝတ္ထုရှည်ခံစားသူစာအုပ်ပါ ဇာတ်လမ်းဆင်မှုအပေါ် မြင်
သည့်အမြင်ဖြစ်သည်။
ဆရာမယုဒါကား ဝတ္ထုတိုရေးရာမှာ ရေးလက်
ကျသူပီပီ ယခုဝတ္ထုရှည်မှာလည်း ဇာတ်လမ်းအချိတ်
အဆက်သည် လစ်ဟာမှုမရှိ။ ခေတ်ကာလစကားအသုံး
အနှုန်း၊ ဇာတ်ဆောင်တို့လှုပ်ရှားမှုတို့ကို အထူးသတိထားနေရာချထားသည်။
ဝတ္ထုဖတ်ရင်း စာထဲမှာနစ်မျောပြီးရွှေရံနိုင်စရိုက်ကို မကြိုက်၊ မကြည်မလင်ဖြစ်မှုကိုပင်
ဖြေလျှော့စေဖို့ စာရေးသူက ကြိုးစားထားသည်။ သူချစ်
နေသော "ပျိုး "ကို ချစ်ရန် တွေဝေစဉ်းစားခြင်းများနေသော
မင်းဘတင်နှင့် နှစ်ယောက်သားဆွေးနွေးခန်းသည် မလိုအပ် လှဘဲ ရှည်လျားနေသည်ထင်ရ၏။ မင်းဘထင် ရင်တွင်းမှာတော့-
သမုဒယတောင်တန်းတွေကို မြစ်ဖျားခံပြီး
တည်လာတဲ့ အချစ်မြစ်တစ်စင်း
စီးဆင်းမယ့် ခရီးမိုင်တွေထဲ
မာန်မာန ကျောက်စိုင်
ကျောက်သားတွေကို တိုက်စား
အာဃာတ ဒိုက်သရိုက်တွေကိုဖယ်ရှားရင်း
မစ္ဆရိယကျွန်းတွေရဲ့အဝေးမှာ
တစ်သက်တာ စီးဆင်းနိုင်ဖို့
သည်းခံခြင်းအားလည်း လိုသေးတယ်
အချစ်မြို့ဆီသွားဖို့ သည်းခံခြင်းအားလည်းလိုပါသေးသည်။
အထင်အမြင်မှားမှုများ၊ တလွဲဝေဝါးမှုများ၊ တစ်ဦး၏
ရင်တွင်းအက္ခရာကို တစ်ဦးက ဖတ်ရှုနိုင်ဖို့ အရာရာကို ဖြတ်
ကျော်ကြရမည်။
ဆရာမယုဒါသည် သူ့ဇာတ်ကောင်တွေကို အချစ်
မြို့ထဲဝင်ပြီးပါက ပြန်မထွက်နိုင်အောင် ဆွဲငင်ထားနိုင်
သော အနုရသ ပဉ္စလက်စွမ်းအားရှိသူဖြစ်သည်။
အရွယ်ရောက်ပြီးသားလူငယ်တို့၏ အချစ်ကို ဖော်ကျူးရာ၌
ရမ္မက်ဆန်သော စကားလုံး၊ မြင်ကွင်းပြကွက်များမပါ။
ဒါဟာ အချစ်ပါပဲဟု ရင်ခွင်ထဲက ကျောပိုးအိတ်တစ်လုံးကို
နှလုံးသား ကလပ်ပေါ်တင်၍ ပုလဲရင်နှစ် လူငယ်အချစ်ကို
တင်စားပြဆိုသွားနိုင်သည့် အတွက် ဆုံးဖြတ်ချက်မှန်သော
ပျိုးခင်ဇော်ကိုကျေးဇူးတင်ရသလိုဇာတ်ရုပ်အနေအထားကို
မှန်ကန်စွာ နေရာချနိုင်သော ဆရာမယုဒါအားလည်း
အလေးတယူ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။
အချစ်လား . . . ဝင်ခဲ့လေကွယ်။
မြို့ အဝင်က စောင့်နေမယ်။
မိချမ်းဝေ
စံတော်ချိန် နေ့စဥ်
12.6.2020(Sunday)ထုတ်မှ
The Standart Time dailyမှ
ဆရာမ မိချမ်းဝေ ရေးသားသောဆောင်းပါးကို ကူးယူပေးပို့ပေးသောသူငယ်ချင်း"စု" ကျေးဇူးပါ။
0 တစ်ခုခုရေးမယ်:
Post a Comment