Wednesday, July 6, 2022

ဘယ်တော့ အားမှာတုန်း

ဘယ်တော့ အားမှာတုန်း
<><><><><><><><> 

လူ့အလုပ် ဆိုတာ -
အားလုံး တူရာပေါင်း ကြည့်ရင် ၂-မျိုးပါ
လောက ကိစ္စ , ဓမ္မ ကိစ္စ … 

လောက ကိစ္စ ဆိုတာ -
လောကထဲမှာ ရောက်ရှိနေလို့ 
လောက ဝတ္တရားအရ ဆောင်ရွက်နေရတာတွေကို 
လောကကိစ္စလို့ ခေါ်တယ် … 

လောက ကိစ္စပြီးမယ့်နေ့ လုံးဝမရှိပါ
အကြောင်း အားလျော်စွာ 
အနားယူတယ်သာ ရှိပါတယ်
အလုပ်ပြီးလို့ နားတယ်ဆိုတာ မရှိပါဘူး … 

တစ်ဘဝ ကန့်သတ်ချိန် ပြီးသွားလို့
ရပ်လိုက်ရပေမယ့် 
အလုပ်ကတော့ ဆက်ရန်ရှိသေးသည်
လောက ကိစ္စ ပြီးမသွားပါ … 

ဓမ္မကိစ္စ ဆိုတာ -
ကိုယ့်ကိုယ်ကို ကယ်တင်တဲ့ အလုပ်ပါ
ကိုယ့်ကိုယ်ကို ဆယ်တင်တဲ့ အလုပ်ပါ … 

အဲဒီ ဓမ္မကိစ္စကို 
ချုပ်ကိုင်ထားတာက ❝ အပ္ပမာဒ သတိ ❞  … 

သတိလို့ ပြောရင် 
ဉာဏ်လည်း ပါလာတယ် … 

သတိနဲ့ ဉာဏ်က 
ဓမ္မကိစ္စအားလုံးကို ချုပ်ကိုင်ထားသော တရား … 

လူတွေ ပြောတတ်ကြတာက 
❝ အို-အားမှ မအားပဲ, အလုပ်တွေ ရှုပ်နေတာ
ဘယ်လို ကုသိုလ် လုပ်အားမှာလဲ ❞ လို့ 
ပြောတတ်ကြတယ် … 

❝ ဒါဖြင့် ဘယ်တော့ အားမှာတုန်းဗျ ❞ 
❝ မသိဘူးလေ ❞ 

ဟုတ်တယ်
အားမယ့်နေ့ သိမှ မသိပဲ
အားမယ့်နေ့ ရှိမှ မရှိပဲနဲ့
အားမယ့်နေ့ ရှိကို မရှိတာ … 

တရားက
အားဖို့မလို သိဖို့လိုသည်
အားချိန် မတောင်းပါဘူး … 

အသိတရားတောင်းတာ
အသိ အားလုံးကို အပ္ပမာဒသတိထဲမှာ
သိုမှီး သိမ်းဆည်း ထားပါတယ် … 

အဲဒါကြောင့် 
❝ အပ်ပမာဒနေ ❞
မမေ့မလျော့ , မပေါ့မဆ , တက်ကြွ နိုးကြား 
အပ္ပမာဒဆိုတဲ့ သတိတရားဖြင့် ဆိုပြီး 
သာသနာကျင့်စဉ်လေးကို ပြတာ … 

#ယော_ဆရာတော်_ဘုရားကြီး 

📌 အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌

0 တစ်ခုခုရေးမယ်:

Post a Comment